မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အဖရဲဝန်ထောက် ဦးဘဂျမ်းနဲ့ မိခင် ဒေါ်ခင်ခင်တို့မှ မွေးဖွားခဲ့ပါတယ်။

ဖခင်ကြီး ရဲဝန်ထမ်း အနေနဲ့ ပြောင်းရာ မြို့တွေမှာ လိုက်ပြီး ကျောင်းနေခဲ့ ပါတယ်။ တောင်ကြီး စိန့်အန်းကျောင်း (St. Anne) (ယခု အထက-၃)၊ တိုက်ကြီး အလယ်တန်း ကျောင်း၊ သဲတော ဝမ်းတွင်း အထက်တန်းကျောင်းတွေမှာ စာသင်ခဲ့ပြီး နောက်ဆုံး မိတ္ထီလာမြို့ အထက (၁) ကနေ ၁၉၆၅ ခုနှစ်မှာ ဆယ်တန်းအောင်ခဲ့ပါတယ်။ မန္တလေး ဆေးတက္ကသိုလ်ကနေ အမ်ဘီဘီအက်စ် ဘွဲ့ကို ၁၉၇၂ ခုနှစ်မှာ ရရှိပါတယ်။

၁၉၇၂-၇၃ ခုနှစ် မေမြို့ အမှတ် (၁) အခြေချ စစ်ဆေးရုံမှာ အလုပ်သင်ဆရာဝန် တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၂ ခုနှစ် အထိ မန္တလေး ပြည်သူ့ ဆေးရုံကြီး ဆေးပညာဌာနမှာ သရုပ်ပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မန္တလေး ဆေးတက္ကသိုလ်မှာပဲ မဟာသိပ္ပံ (ဆေးပညာ) သင်တန်းကို ဆက်တက်ပြီး ၁၉၇၈ ခုနှစ်မှာ M.MedSc (Int. Med.) ဘွဲ့ကို ရခဲ့ပါတယ်။ ၁၉၈၃ မှ ၁၉၈၅ ခုနှစ်အထိ ၂ နှစ်တာ UK နိုင်ငံမှာ ဘွဲ့လွန် ပညာရပ်တွေ ဆည်းပူးခဲ့ပြီး MRCP (UK) ဘွဲ့ကို ရရှိခဲ့ပါတယ်။ လန်ဒန်မြို့ Royal Free ဆေးရုံမှာ ကမ္ဘာကျော် အသည်းရောဂါ ဆိုင်ရာ ပါရဂူ ပါမောက္ခ ရှီလာရှာလောက် (Prof. Dame Sheila Sherlock) ရဲ့ လက်အောက်မှာ အသည်းရောဂါ အထူးကု ပညာရပ်တွေကို ဆည်းပူးသင်ကြားခဲ့ပါတယ်။

၁၉၈၅ ခုနှစ် ကနေ ၁၉၉၇ ခုနှစ် အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ အသည်း အထူးကု ဆရာဝန်ကြီး ရာထူးဖြင့် ဆေးသုတေသန ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး တာဝန်တွေကို တွဲဖက် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ် အသည်းရောင် အသားဝါရောဂါ (ဘီ) ကာကွယ်ဆေးကို အောင်မြင်စွာဖြင့် တာဝန်ယူ ထုတ်လုပ်ပေး နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့ကို စတင် ထူထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နာယက တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ယနေ့ထက်တိုင် နာယကအဖြစ် ဆက်လက်ဆောင်ရွက်နေပါတယ်။ အပြည်ပြည် ဆိုင်ရာ အသည်းရောဂါအဖွဲ့၊ အမေရိကန် အသည်းရောဂါအဖွဲ့၊ ဥရောပ အသည်းရောဂါအဖွဲ့ တို့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ရန်ကုန် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဌာန (YGLC) အဖွဲ့၏ နာယက တစ်ဦးလည်း ဖြစ်ပြီး ရန်ကုန် ဆေးတက္ကသိုလ်(၁)၏ အသည်းရောဂါဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခလည်း ဖြစ်ပါတယ်။ တပ်မတော် ဆေးတက္ကသိုလ်မှာလည်း ဂုဏ်ထူးဆောင် ပါမောက္ခအနေဖြင့် တာဝန် ထမ်းဆောင်လျက်ရှိပါတယ်။

စာရေးသူဟာ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင်လည်း ပါမောက္ခ ခင်မောင်ဝင်း (အသည်း) ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပြီး လုံးချင်းစာအုပ် (၇)အုပ်ကိုလည်း ရေးသားပြီးဖြစ်ပါတယ်။

လစဉ်ထုတ်မဂ္ဂဇင်းများ

အာရောဂျံ
Fashion Image
ဇီဝက
Health for All
ကလျာ
သရဖူ
Wellness
တို့တွင် ဆောင်းပါးပေါင်း (၄၅၀) ကျော်ရေးပြီး
အပတ်စဉ်ထုတ်ဂျာနယ်များ
အာယုဒီဃ
ပေါ်ပြူလာ
Family Health
Health Digest
Good Health
Myanmar Biz
တို့တွင် ဆောင်းပါးပေါင်း (၉၃၀) ကျော်ရေးပြီး

စာရေးသူရေးသားပြီးဖြစ်သည့် လုံးချင်းစာအုပ်များ


ခရီးသွားမှတ်တမ်း
သိထားသင့်တဲ့ အသည်းရောဂါများ
သိထားသင့်တဲ့ အစားအစာနဲ့ အာဟာရ
အသည်းရောင် အသားဝါ စီရောဂါပိုး အကြောင်း
ဝလို့ လှလို့ဆိုတဲ့ မြန်မာတွေ
အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ခင်မောင်ဝင်း နှင့် တွေ့ဆုံခြင်း
အမျိုးသမီး နှင့် အစားအစာ
“အမေနဲ့ ကျွန်တော် “(ပထမတွဲ+ဒုတိယတွဲ) စာအုပ်များကို အောင်မြင်စွာ ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။


“အမေနဲ့ ကျွန်တော်” စာအုပ်အား “ထာဝရအမေ” အမည်ဖြင့် ပါမောက္ခ ဦးခင်မောင်ဝင်းမှ ထုတ်လုပ်သူ အဖြစ် တာဝန်ယူ ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်မှ ရုပ်ရှင်ရိုက်ကူးခဲ့ရာ အကယ်ဒမီ(၃)ဆု ဆွတ်ခူးရရှိခဲ့ပါသည်။
ဇနီးဒေါက်တာ ခင်လေးရီ၊ သမီး ဒေါက်တာ မင်းမင်းဝင်း + ဒေါက်တာ မိုးဇော်ဟိန်း၊ နှင်းနှင်းဝင်း + ဇေယျာဝင်း၊ သားထူးခိုင်ဝင်း + နွေဝါဖြူ၊ မြေးလမင်းဝင်း နှင့် စွမ်းပြည့်ဝင်း တို့နဲ့ အတူပျော်ရွှင် ကျန်းမာစွာ သာသနာအကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို စိတ်ရော ကိုယ်ပါ ဆောင်ရွက်လျက်ရှိပါတယ်။